ဟုမ္မလင်း ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့အမှတ်(၉)မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်းမြို့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းအုပ်စု၊ နားသဲကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် နားသဲကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ကျော့ကျော့ယဉ်က အဖွင့်အမှာစကားပြောကြား၍ အမှတ်(၉)မူးယစ်တပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူးဒုရဲမှူးမြင့်အောင်က "မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများစသည်ဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကာ
ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဦးလိုင်းလင်းမူက လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဆွေးနွေးခဲ့၍ အမှတ် (၉)မူးယစ်တပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူးဒုရဲမှူး မြင့်အောင်က "မူးယစ်ဆေးဝါးအန္တရာယ်" အသိပညာပေးလက်ကမ်းစာစောင်၊ စောင်ရေ(၁၅၀)ခန့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နားသဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်စာစောင်များပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို အသိပညာ ပေးဟောပြောပွဲတွင် တက်ရောက်လာသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်၊နံရံကပ်စာစောင်ပြပွဲသို့ အမှတ်(၉)မူးယစ် တပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူးဒုရဲမှူးမြင့်အောင်နှင့် မူးယစ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)