ပုသိမ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၈)စက်မှုလယ်ယာစခန်း(မြောင်းမြ)မှ (၆)တန်းသွားကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက တောင်သူ ဦးမြင့်သန်း၏ လယ်ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူ ဦးမြင့်သန်း၏ လယ်ဧက(၆)ကတွင်ပြုလုပ်သည့် (၆)တန်းသွားကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရေးနှင့် တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်စပါးများရွေးချယ်စိုက်ပျိုးရေး၊ လယ်ဧကများတွင် ပျက်စီးသွားသည့် မြေဆီ၊ မြေဩဇာများပြန်လည်ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးရေး၊ ကြဲခင်းစနစ်များလျော့နည်းပပျောက်ရေး၊ အထွက်နှုန်းများ တိုးတက်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ် စိုက်ပျိုးသွားနိုင်ရေး၊ စနစ်ကျလယ်ယာမြေများဖော်ထုတ်ခြင်း၊ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေးခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)