ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် အပတ်စဉ်(၅)သူနာပြု-သားဖွားဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင် အပတ်စဉ်(၅) သူနာပြု-သားဖွားဒီပလိုမာသင်တန်းသား/သူများအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။

ဦးစွာ  သင်တန်းသား၊ သင်တန်းသူများက “ဂရုဏာအလင်း”  သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ သူနာပြုသင်တန်းကျောင်း(၃)ကျောင်းတွင် သင်တန်းသား၊ သင်တန်းသူများအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲများကို ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်းလိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းများ၊ သင်တန်းသူများသည် ဝါသနာကိုအရင်းခံ၍ အရည်အချင်းနှင့်ပြည့်မီသူများဖြစ်သဖြင့် သူနာပြုသင်တန်းကျောင်းတွင် တက်ရောက်နေသူများဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၏ အဓိကလုပ်ငန်းများတွင် သူနာပြု/သားဖွားများသည် အဓိကအခန်းကဏ္ဍမှပါဝင်ကြသူများဖြစ်ပြီးကျေးလက်ဒေသအထိစောင့်ရှောက်မှုပေးနေသူများဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့်နိုင်ငံသားများ၏ ကျန်းမာရေးကောင်းမွန်ပြည့်စုံပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအထိလိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်သူနာပြုသင်တန်းသား၊ သင်တန်းသူများကို များစွာဂုဏ်ယူပါကြောင်း၊ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်းခံယူကြသည့် သင်တန်းသား၊ သင်တန်းသူများသည် မိမိတို့အသက်မွေးဝမ်းကျောင်းပညာရပ်ကို အဆင့်မြင့်ပညာရပ်များတတ်မြောက်နိုင်သည်အထိ အဆင့်ဆင့်တက်လှမ်းနိုင်အောင် ကြိုးပမ်းအားထုတ်စေလိုကြောင်း၊ သူနာပြုပညာရပ်များကိုအရင်းတည်၍ အရည်အသွေးပြည့်ဝသော ကိုယ်ပိုင်အရည်အချင်းစွမ်းအားများဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ စံပြပုဂ္ဂိုလ်များကိုနမူနာယူ၍အခက်အခဲများကို ကျော်လွှားအောင်မြင်ကာ သင်တန်းပြီးမြောက်အောင်မြင်အောင်တက်ရောက်၍ မိသားစုအကျိုး၊ ပြည်သူ့အကျိုးကိုဆောင်ရွက်နိုင်သည့် သူနာပြုကောင်းများဖြစ်ကြပါစေကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မြောင်းမြမြို့ သူနာပြုသင်တန်းမှကျောင်းအုပ်ကြီး၊ မြောင်းမြမြို့ပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရရှိသည့် ပထမနှစ်နှင့် ဒုတိယနှစ်မှ သင်တန်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ထူးချွန်ဆုရရှိသည့် တတိယနှစ်မှသင်တန်းသူများကို ဆုများဆက်လက်ချီးမြှင့်ခဲ့ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်း၌ပြုလုပ်သည့် အပတ်စဉ်(၅)သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွင် သင်တန်းသား(၈)ဦး၊ သင်တန်းသူ (၆၇)ဦး၊ စုစုပေါင်း (၇၅)ဦး အား ဂျုတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)