ပုသိမ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၅ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့၊ မြစိမ်းရောင်သာသနာ့နယ်မြေတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်စိုက်ပျိုးခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြုလုပ်သည့် တိုင်းဒေသကြီးအဆင့်(ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြောင်းမြမြို့၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ လေကောင်းလေသန့်ရရှိစေရေးနှင့် ဘုရားဖူးခရီးသွားပြည်သူများစိတ်အေးချမ်းစွာ လည်ပတ်စေနိုင်ရေးနှင့် သစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းရာတွင် ဌာနဆိုင်ရာများသာမက ပြည်သူလုထုတစ်ရပ်လုံးကပါ တက်ကြွစွာပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ်ကာလတွင် ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြေပြိုခြင်းစသည့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကို အမြဲလိုလိုရင်ဆိုင်နေကြရပါကြောင်း၊ ထို့ကြောင့် သစ်တောများအပါအဝင် သဘာဝသယံဇာတများကိုထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်တည်တံ့စေခြင်းအားဖြင့် ဘေးအန္တရာယ်များကိုကာကွယ်နိုင်ရုံသာမက နောင်အနာဂတ် နောင်လာနောက်သားများအတွက် အမွေအနှစ်ကောင်းများ ချန်ရစ်ထားပေးနိုင်မှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်တွင်နိုင်ငံပိုင်စိုက်ခင်းများအနေဖြင့် စီးပွားရေးစိုက်ခင်း(၂၅၅၀)ဧက၊ ဒီရေတောစိုက်ခင်း(၁၄၀၀)ဧက၊ စက်မှုကုန်ကြမ်း စိုက်ခင်း (၄၀၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း(၇၅၀)ဧက၊ ရေဝေရေလဲစိုက်ခင်း(၁၅၀)ဧကနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း(၂၂၃)ဧက၊ စုစုပေါင်း(၅၄၇၃)ဧက တည်ထောင်စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၂၅ခုနှစ် မိုးရာသီတွင် ခရိုင်/မြို့နယ်အသီးသီး၌ လူထုဖြန့်ပျိုးပင်(၁၂၆၅၀၀၀)ပင်ကို ဖြန့်ဝေစိုက်ပျိုး သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း စီးပွားရေးစိုက်ခင်း(၁၀၀၆၀)ဧက၊ ဒီရေတောစိုက်ခင်း(၉၄၀၀)ဧက၊ စက်မှုကုန်ကြမ်းစိုက်ခင်း(၃၅၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း (၃၂၆၆) ဧကနှင့်ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းတည်ထောင်ခြင်း (၆၆၈၅.၅၈)ဧက၊ စုစုပေါင်းသစ်တောစိုက်ခင်း (၂၉၇၆၁.၅၈)ဧကနှင့် လူထုဖြန့်ပျိုးပင်ပေါင်း (၅၇၃၅၃၅၀)ပင်တို့ကို တည်ထောင်ဖြန့်ဝေ စိုက်ပျိုးထားရှိပြီးဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီပင်များအပြင် ရာသီအလိုက်မွှေးပျံ့ပြီး လှပစွာဖူးပွင့်သည့် ကံ့ကော်၊ ခရေ၊ ပိတောက်၊ စိန်ပန်း စသည့် သစ်မျိုး(၁၁)မျိုး၊ ပျိုးပင်(၁၅၃၀)ပင်တို့ကို စိုက်ပျိုးသွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကိုပြည်သူအများနားလည် သဘောပေါက်လာသည်နှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ဖို့ အစိုးရဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများကသစ်ပင်စိုက်ပျိုးခြင်းများကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သဘာဝသစ်တောများ ရေရှည်တည်တံ့စေရေး၊ ပင်လယ်ကမ်းရိုးတန်း ဒီရေတောများဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော ဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်လှပစေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်တားဆီးရေးတို့အတွက် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းများကို တိုင်းဒေသကြီးအတွင်းအရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်ကာလဖြစ်သောကြောင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီးကို စိမ်းလန်းသာယာလှပသည့် တိုင်းဒေသကြီးအဖြစ်ဖန်တီး ပုံဖော်ကြရမည် ဖြစ်ကြောင်း” တိုက်တွန်းအမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးကဦးဆောင်၍ သစ်ပင်များအားစုပေါင်း စိုက်ပျိုးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူများ၊ စိုက်ပျိုးရေးသိပ္ပံမှကျောင်းသား/ကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၂၀၀)ဦးမှ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မျောက်ငို၊ မန်ဂျန်ရှား၊ ကံ့ကော်၊ ခရေ၊ ပိတောက်၊ စိန်ပန်း၊ သပြေဘူတ၊ ရေတမာ၊ သစ်မျိုး(၁၁)မျိုး၊ (၁၅၃၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)