မင်းဘူး ဇွန် ၂၁
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည် အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပါဝင်ကူညီခဲ့သည့် အ.ထ.က(၂)ကျောင်းမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ကာ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ထည့်သွင်းကျင်းပသော ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ခါးကွင်းလှည့်၊ အရုပ်ကွင်းစွပ်၊ ဘောလုံးဂိုးသွင်း၊ စက်ဝိုင်းလှည့်၊ ဆန်ကောရွက် စသည့် ကစားနည်းပြိုင်ပွဲမျိုးစုံ ကျင်းပနေမှုနှင့် အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကာ ပွဲတော်အတွင်း ပါဝင်ဆင်နွှဲခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းနှင့် လူငယ်ရေးရာ အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ဆက်လက်ပြီး အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက်ထဲတွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ်ပါဝင်စေရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေး” ဆိုသည့် အချက်ပါဝင်ပြီး ကျောင်းသား လူငယ်များနှင့် တိုက်ရိုက်သက်ဆိုင်သော ဦးတည်ချက်တစ်ခုဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ ပညာဗဟုသုတ ပြည့်စုံ ကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ တန်ဖိုးထားရသော အနာဂတ် လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရန် စာအုပ်၊ စာပေကောင်းများကို လေ့လာ၊ ဖတ်ရှု၊ မှတ်သား ကြရမှာဖြစ်သည့်အတွက် စာအုပ်၊ စာပေကောင်းများကို အမြဲလေ့လာဖတ်ရှုနိုင်ရန် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါကြောင်း၊ စာအုပ်၊ စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေ ခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပဲဖြစ်ပါကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲက “စာမတတ်သူသည် ထိုင်နေသည့် လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူသည် ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာလည်းဖတ်သူမှာ လမ်းလျှောက်နေသူနှင့် တူကြောင်း” ကိုလည်း လူငယ်များကို တိုက်တွန်းမှာကြားခဲ့ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ယခုလို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း အဆိုပါ ပွဲတော်များကို ယခင်နှစ်က (၁၀)ကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီး၊ စာကြည့်တိုက်အဆောက်အဦသစ် (၂၁)လုံး ကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီမှာ ယခုကဲ့သို့ ပွဲတော်များကို တိုင်းဒေသကြီးအတွင်းက ခရိုင်နှင့် မြို့နယ်များမှာ (၃၂)ကြိမ်အထိ ကျင်းပပြုလုပ်သွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး ယခုအောင်မြင်စွာကျင်းပခဲ့သည့် မင်းဘူးပွဲသည် တိုင်းဒေသကြီးအတွင်း၌ ယခုပညာသင်နှစ်အတွက် ပထမဦးဆုံးကျင်းပသည့် ပွဲတော်ကြီး တစ်ခုလည်းဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ အဆိုပါပွဲတော်၌ အထူးအစီအစဉ်တစ်ရပ်အဖြစ် ကျင်းခဲ့ပသော အမြဲမပြတ်လေ့လာ သင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)တွင် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသော မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေးကိုဖော်ကျူးသည့် “သူ့ကျွန်မခံပြီ” စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသူလေးများကို မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးပြီး ပထမဦးဆုံးပွဲအဖြစ် မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အခြေခံပညာအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ အမြဲမပြတ်လေ့လာ သင်ယူရေးစကားဝိုင်း များအပြင် ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များဖြင့် ဇွန်လ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့် ဒေသခံပြည်သူ စုစုပေါင်းအင်အား (၁၅၀၀) ကျော်က တစ်ခဲနက် အေးချမ်းပျော်ရွှင်စွာ လာရောက် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)