ကျုံပျော် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေပြင်အသက်ကယ်သရုပ်ပြပွဲကို ကျုံပျော်မြို့ ဒါးကချောင်းရေပြင်၌ ယမန်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဇော်လွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ကြပြီး၊ ဦးစွာ ဒုတိယဦးစီးမှူး ဦးသန်းဇော်လွင်က ရေပြင်ကယ်ဆယ်ရေး သရုပ်ပြဆောင်ရွက်မည့် အစီအမံများနှင့် ရေပြင်ခရီးသွားလာရာတွင် အသက်ကယ် အင်္ကျီ၀တ်ဆင်ပုံ နည်းလမ်းများအား ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများအား သဘာဝဘေးနှင့် ရေဘေးအန္တရာယ်များ ကျရောက်ပါက ရေနစ်သူအား Bout ကွင်းဖြင့်ကယ်ဆယ်ခြင်း၊ အသက်ကယ် အင်္ကျီဝတ်ဆင် အသုံးပြုနည်းနှင့် အခြားအသက်ကယ်ပစ္စည်းများ အသုံးပြု၍ အန္တရာယ်ကျရောက်မှုမရှိအောင် ဆောင်ရွက်နည်းတို့ကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြသခဲ့ကြသည်။ ရေပြင်အသက်ကယ် သရုပ်ပြပွဲကို ပြုလုပ်ထားခြင်းဖြင့် ရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကာကွယ်နိုင်မည့် နည်းလမ်းများကို သိရှိလာနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)