လွိုင်ကော် ဇွန် ၂၁
ကယားပြည်နယ်အတွင်း ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ကယားအစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်အားကစားရုံအမှတ်(၃)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီအဖွဲ့ဝင်များ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း ပိုက်ကျော်ခြင်းအားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ ပြည်နယ်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ယခုပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်နယ်၏အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် လိုအပ်သည့် အားကစားဆိုင်ရာ အခြေခံအဆောက်အအုံများ ပြင်ဆင်ခြင်းနှင့် အားကစားဆက်စပ်ပစ္စည်းများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့ကိုယ်စားပြုအသင်းအတွက် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်အား ရွတ်ဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲဝင်အသင်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။ ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာတပ်ဖွဲ့မှ ဂုဏ်ပြုသီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ၂၀-၆-၂၀၂၅ ရက်မှ ၂၂-၆-၂၀၂၅ ရက်အထိ (၃)ရက်ကြာ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ထူးချွန်ကစားသမားများကို ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်သွားမည်ဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အားကစားရုံအမှတ်(၂)၌ အသက် (၂၅)နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကယားပြည်နယ်လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားများ၏ သရုပ်ပြလေ့ကျင့်နေမှုများကို ကြည့်ရှု၍ ပြည်နယ်ဝန်ကြီးချုပ်က အားကစားသမားများနှင့် နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန် အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)