ညောင်လေးပင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ညောင်လေးပင် ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်ခြင်းကို ဇွန်လ ၁၈ ရက်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြွန်တန်ဆာမြို့ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးသက်မျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြွန်တန်ဆာမြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ဦးသောင်းမင်းထွန်းက မူးယစ်ဆေးဝါးသုံးစွဲပါက ခံစားရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းက မူးယစ်ဆေးဝါး၏အဓိပ္ပာယ် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏အကြောင်းအရင်းများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးကျော်သက်မိုးက ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်မှုရှိစေခြင်း စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)