ဘိုကလေး ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နေ့လယ်(၂)နာရီအချိန်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်းအရာများအား အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဘိုကလေးမြို့မစခန်းမှူး၊ ဒုရဲမှူးကျော်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ရတနာမျိုး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ အင်အား(၃၅၀)ဦးခန့် တက်ရောက်ကြပြီး ဘိုကလေးမြို့မစခန်းမှူး၊ ဒုရဲမှူးကျော်ဦးက မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲပြီးနောက် ကြုံတွေ့ရသည့် နောက်ဆက်တွဲပြဿနာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့အတွက် ရင်ဆိုင်ရမည့်ပြစ်မှုူ၊ ပြစ်ဒဏ်များအားလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ရတနာမျိုးက လူကုန်ကူးမှုနှင့်ပတ်သတ်၍ သတိပြုရမည့် အကြောင်းအရာများ၊ လူကုန်ကူးမှုကို အထမြောက်စေသော အကြောင်းအရာများ၊ သတ်မှတ်ထားသည့် တည်ဆဲဥပဒေများ ကျောင်းသား/သူများကို အသီးသီးအကျယ်တဝင့် ရှင်းလင်းဟောပြော အသိပညာပေးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)