ဘိုကလေး ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နေ့လယ်(၁)နာရီအချိန်၌ အမှိုက်အမျိုးအစား(၄)မျိုး ခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ အင်အား (၃၅၀) ဦးခန့် တက်ရောက်ကြပြီး ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်က မိမိတို့၏ကျောင်း သန့်ရှင်းသာယာ လှပစေရေးအတွက် ဤကျောင်းတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား/သူတစ်ဦးချင်းစီ၌ တာဝန်ရှိကြောင်း၊ တာဝန်ရှိသည်နှင့်အညီ တာဝန်သိစွာဖြင့် စည်းကမ်းတကျအမှိုက်များအား စွန့်ပစ်ကြရန်နှင့် စနစ်တကျအမှိုက်များ စွန့်ပစ်တတ်စေရေးအတွက် ယခုကဲ့သို့ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က ကျောင်းသား/သူများအား အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိသော အမှိုက်ဟူ၍ အမျိုးအစား(၄)မျိုးခွဲခြားပြပြီး အမှိုက်အမျိုးအစားအလိုက် စွန့်ပစ်နည်းများ၊ အမှိုက်ပုံးများ ခွဲခြားထားရမည့်နည်းစနစ်များအား အကျယ်တဝင့် ရှင်းလင်းဟောပြော အသိပညာပေးခဲ့ကြောင်း သိရသည်။
မိုးစက်