ဘားအံမြို့ စုပေါင်းရုံး၌ စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းဆောင်ရွက်

ဘားအံ ဇွန် ၂၀

ဘားအံမြို့နယ် စုပေါင်းရုံး၌ စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းကို ဘားအံခရိုင်၊ ဘားအံမြို့နယ်၌ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ရှေးဦးစွာ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး ဘားအံမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သက်နှင်းစုက ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန် အန္တရာယ်ကင်းသော စွန့်ပစ်မှုဖြစ်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်သော အရာများကို ခွဲထုတ်နိုင်ခြင်း၊ သဘာဝအရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ခြင်း၊ စွန့်ပစ်ပမာဏလျှော့ချနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ကျစေနိုင်ခြင်း၊ ကျန်းမာရေးအန္တရာယ်ကို လျှော့ချပေးခြင်း၊ အမှိုက်စိုများမှ သဘာဝမြေဆွေး ပြုလုပ်နိုင်ခြင်း၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို အခြားအသုံးဝင်သော ပစ္စည်းများအဖြစ် ပြန်လည်ပြုပြင် ထုတ်လုပ်သုံးစွဲခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုကို သရုပ်ပြစွန့်ပစ်စေခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်းများ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ အဆိုပါ စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)