ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ပြုလုပ်သည့် အိမ်တွင်း လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်ပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အဲယားကွန်းတပ်ဆင်/ပြုပြင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) တွင်ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် မိသားစုများ ဝင်ငွေကောင်းမွန်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျွမ်းကျင်မှုသင်တန်းတွေ ဖွင့်လှစ်သင်ကြားပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလေးအလုပ်သမားပပျောက်စေရန်အတွက် လူမှုအကာအကွယ်များပေးသကဲ့သို့ မိသားစုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် အရွယ်ရောက်သူများအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးနေရခြင်း ဖြစ်ပါကြောင်း၊ အဲယားကွန်းတပ်ဆင်/ ပြုပြင်ခြင်းလုပ်ငန်းသည် ဝင်ငွေကောင်းမွန်သောလုပ်ငန်းဖြစ်ရုံသာမက စွမ်းအင်အသုံးချပညာရပ်များ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာဗဟုသုတများကိုပါ လေ့လာသင်ယူခွင့်ရသောကြောင့် သင်တန်းသားများအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးကျေးဇူးရရှိသော သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းကျောင်းကစနစ်တကျ သင်ကြားပို့ချပေးသည် များကို လေ့လာမှတ်သား၍ လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချနိုင်မည်ဆိုပါက အောင်မြင် သည့် လုပ်သားကောင်းတစ်ယောက်၊ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မည်ဖြစ်၍ သင်တန်းပြီး သည်အထိ ကြိုးစားသင်ယူသွားကြရန်လိုပါကြောင်း” တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ သင်ကြားရေးအထောက် အကူပြုပစ္စည်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါသင်တန်းကို ယခုလ (၁၉) ရက်နေ့မှဇူလိုင်လ (၁၈) ရက်နေ့အထိ ရက်သတ္တလေးပတ်ကြာ သင်တန်းသား (၂၀) ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

လှမင်းထွဋ် (ပြန်/ဆက်)