ကော့သောင်းမြို့တွင် မုန်တိုင်းအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ကော့သောင်း ဇွန် ၂၀

ကော့သောင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်အပါအဝင် မုန်တိုင်းအန္တရာယ်ကျရောက်လာပါကပြည်သူများ စနစ်တကျ တုံ့ပြန်ဆောင်ရွက်ကြစေရန်နှင့် သက်ဆိုင်ရာဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ  အလျှင်အမြန်တုံ့ပြန်၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ကော့သောင်းခရိုင်မီးသတ်ဦးစီးဌာနမှ မုန်တိုင်းအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၈)နာရီခန့်က ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၊ ဆိုင်ကလုန်း Shelter တွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအား‌ပေးခဲ့ကြသည်။

ရှေးဦးစွာ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်အနေထား ပြင်ဆင်ဆောင်ရွက်ထားရှိ၍ ခရိုင်မီးသတ်ဦးစီးမှူးဦးမျိုးသူရဝင်းက ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများအား တာဝန်ခွဲဝေချထား ဆောင်ရွက်ခဲ့သည်။ ယင်း‌နောက် မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆက်လက်ဆောင်ရွက်ရာ တာဝန်ရှိသူများက မုန်တိုင်းဘေးအန္တရာယ်သတိပေး နှိုးဆော်ပြီးသည်နှင့် တပြိုင်နက် ကျေးရွာနေပြည်သူများ၊ကျောင်းသား၊ကျောင်းသူများ နီးစပ်ရာ ဆိုင်ကလုန်း(Shelter)သို့ ဝင်ရောက်ခိုလှုံကာ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကူညီရွှေ့ပြောင်းပေးခြင်း၊ ဆေးကုသမှု ဆောင်ရွက်ပေးခြင်းနှင့် အရေးပေါ်လူနာများအား ဆေးရုံသို့ပို့ဆောင်ခြင်းများ သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

ထို့နောက် ကော့သောင်းခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်က မုန်တိုင်းအန္တရာယ် ကျရောက်နေချိန်တွင် ပြည်သူများ အနေဖြင့် စနစ်တကျ တုံ့ပြန်ဆောင်ရွက်တတ်စေရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် စနစ်တကျ လျှင်လျှင်မြန်မြန်ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန် ယခုကဲ့သို့ ဌာနဆိုင်ရာ/အဖွဲ့အစည်းများ၊ ပြည်သူများ ဝိုင်းဝန်းပူးပေါင်းပြီး မုန်တိုင်းအန္တရာယ်တုံ့ပြန် ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရခြင်း‌ဖြစ်ပါကြောင်းနှင့်ဇာတ်တိုက် လေ့ကျင့်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့်အတွက်လည်း ကော့သောင်းခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအနေဖြင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)