ကျိုက်လတ်မြို့နယ်၌ အမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်

ကျိုက်လတ် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ငုရွှေဝါခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်သီသီမိုးက အမှိုက်များအား ခွဲခြားစွန့်ပစ်ရန်လိုအပ်ကြောင်းနှင့် အမှိုက်အမျိုးအစား (၄) မျိုးဖြစ်သည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်များနှင့် ဌာနဆိုင်ရာရုံးများတွင်လည်း ဘေးအန္တရာယ်ရှိအမှိုက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက် စသည့်  အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)