ပေါင်းတည် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက အ-ထ-က (မြို့မ)တွင် မိုးကြိုးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က ကျောင်းသား၊ ကျောင်းသူများအား ဘဘာဝဘေး လူမှုဒုက္ခများအကြောင်းနှင့် ပက်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက သဘာဝဘေးအန္တရာယ်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစည်သူဝင်းက မိုးကြိုးပစ်ရခြင်းနှင့် မိုးကြိုးအန္တရာယ်ကာကွယ်ခြင်းအကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် ဆွေးနွေးဟောပြောခဲ့ကြသည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းကာ မိုးကြိုးအန္တရာယ် ကာကွယ်ခြင်းနှင့် ထိခိုက်ခံရသူများအား အရေးပေါ်ကယ်ဆယ်ခြင်းများကို ကျောင်းအားကစားကွင်း၌ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)