မုံရွာ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ပြီး မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)တို့တွင် ပြန်လည်ကျင်းပပေးလျက်ရှိရာ ပဥ္စမ နေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို Grade-12 ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပြန်လည်ဖြေဆိုလျက်ရှိသည်။
မုံရွာမြို့နယ်အနေဖြင့် Grade-12 စာမေးပွဲပြန်လည်ဖြေဆိုခြင်းကို စာစစ်ဌာန(၂)ခုထားရှိ၍ ဇွန်လ (၁၆) ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပဥ္စမနေ့ ရူပဗေဒဘာသာရပ်ဖြေဆိုရာတွင် မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)တို့တွင် စာရင်းရှိကျောင်း သား၊ကျောင်းသူ(၆၈၆)ဦး၊ ဖြေဆိုသူ (၆၇၀)ဦး၊ ပျက်ကွက်(၁၆)ဦးရှိပြီး (၉၇.၆၇) ရာခိုင်နှုန်းပြန်ဖြေဆိုခဲ့ကြောင်းနှင့် သမိုင်းဘာသာရပ် (ဝိဇ္ဇာတွဲ) ဖြေဆိုရာတွင်လည်း စာရင်းရှိကျောင်းသား၊ ကျောင်းသူ(၄၂)ဦး၊ ဖြေဆိုသူ (၄၁)ဦး၊ (၉၇.၆၂) ရာခိုင်နှုန်း ပြန်လည်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ Grade-12 စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် စာမေးပွဲဖြေဆိုနေမှုနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်နေမှု၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅ -ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်မျိုးစုံနှင့် အချိုရည်များပေးအပ်ရန် စီစဥ်ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)