မ‌ကွေးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေး ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌​ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကခွဲ(ဆားစည့်)ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပရာတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်နှင့် ဒုတိယဦးစီးမှူး ဒေါ်သီရိဖြိုးအောင်တို့က မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ခံစားရသော စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာရောဂါများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျောင်းသား/သူများသတိပြုလိုက်နာသင့်သည်အချက်များကို အသိပညာပေးဟောပြောသည်။

ထို့နောက် ပြသထားသောက‌လေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ မူးယစ်ပိုစတာ၊ ပန်းချီ၊ မှတ်တမ်းဓာတ်ပုံများပါ‌သော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်လေ့လာကြည့်ရှုခဲ့ကြပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကျောင်းသား၊ကျောင်းသူများအား မကွေးမြို့ပြည်သူ့စာကြည့်တိုက်ရှိစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)