ဂန့်ဂေါမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဂန့်ဂေါ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့မှဦးဆောင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် ဂန့်ဂေါမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုသည် နိုင်ငံအားလုံးအားထိခိုက်စေသော၊ ရှုပ်ထွေးစေသော လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အဓိကပြဿနာတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အဂတိလိုက်စားမှုများလျော့နည်းပပျောက်စေရန်အတွက် ဥပဒေပြဌာန်းခြင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အား ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်းပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များ၊ နိုင်ငံတော်အစိုးရမှထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များနှင့်တည်ဆဲဥပဒေ၊ နည်းဥပဒေများအားသိရှိလိုက်နာပြီးပေးအပ်သည့်တာဝန်များကို တိကျစွာအကောင်အထည်ဖော်ဆောင်ရွက်ကာအန္တရာယ်ကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။                      

ထို့နောက် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းက အဂတိလိုက်စားမှုများအားတားဆီးကာကွယ်ရေး၊ တိုင်ကြားရမည့်လိပ်စာများနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်  မြို့နယ်တရားသူကြီး၊ ဦးစည်သူအောင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ သိရှိထားသင့်သော ဥပဒေနည်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့်စီရင်ပိုင်ခွင့်အကြောင်းတို့ကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။                                                

အဆိုပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ ဂန့်ဂေါမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း(၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရ သည်။

မောင်မျိုးမင်း(ပြန်/ဆက်)