ကြံခင်း ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ၊ အုပ်စုများတွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများဦးဆောင်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့က သက်ဆိုင်ရာနယ်မြေအလိုက် ရပ်ကွက်အတွင်း နေအိမ်များရှိ ရေတွင်း၊ ရေကန်များ၊ ဘုရားညောင်ရေ အိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေအိုး၊ ရေခွက်များ၊ တာယာကွင်းများစသည့် စွန်ပစ်ပစ္စည်းများထဲမှတဆင့် ရေဝင်ရောက်ပြီး ခြင်ပေါက်ပွားနိုင်သည့်အတွက် စနစ်တကျထားရှိကြရန်၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)