ကြံခင်းမြို့၌ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ ဆန်၊ ကြက်ဥ၊ စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ကြံခင်း ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ​ကြံခင်းမြို့၊ မဟာဘောဂလမ်း၊ ဈေးတာဝန်ခံရုံးရှေ့ တွင် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်စေရန် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ ယနေ့နံနက် ၈ နာရီက အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ စားအုန်းဆီနှင့် အသားများကို စျေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ဆန်တစ်ပြည် ငွေကျပ်၂၀၀၀၊ ကြက်ဥခြောက်လုံးပါ တစ်လုံးလျှင် ငွေကျပ် ၃၃၀၊ ဆီ ငါးဆယ်ကျပ်သားလျှင် ငွေကျပ် ၃၄၀၀ နှင့် ဝက်သား နှစ်ဆယ့်ငါးကျပ်သား အထုပ် ၁၀ ထုပ်တို့ကို မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ပုဂ္ဂလိကဆီလုပ်ငန်းရှင်များက စားသုံးသူများလက်ဝယ်အရောက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချနေမှုကို မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အတွင်းရေးမှူး) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုကာ စားသုံးသူများ စျေးနှုန်းသက်သာစွာနှင့် အဆင်ပြေစွာဝယ်ယူနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း

ကြံခင်း (ပြန်/ဆက်)