ဇီးကုန်း ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဇွန် ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ထန်းတပင်ကျေးရွာ (အ.လ.က ထန်းတပင်ကျောင်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.လ.က ထန်းတပင်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့နှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဒေါ်ဇင်မာထွန်းက ပုံပြင်စာအုပ်များ ဖတ်ပြခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ကုန်ညွှန်းအမှတ်အသားပြည့်စုံပါဝင်မှု၊ စားသုံးရန်မသင့်သော အစားအသောက်များ၊ စားသုံးသူများ ရရှိနိုင်သော အခွင့်အရေးများတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)