ပြည် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက မိုးကြိုးဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကိုလည်းကောင်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူးတို့က သဘာဝဘေးရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုဆိုင်ရာအကြောင်းများကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောကြသည်။
ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်ကာ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် အဆိုပါကျောင်းရှေ့အားကစားကွင်း၌ မိုးကြိုးဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ရာ “ကျောင်းသားများ ဘောလုံးကန်နေစဉ် ရုတ်တရက် လျှပ်စီးလက်ပြီး မိုးခြိမ်းသံများကြားရ၍ ကြည့်ရှုအားပေးသူ ကျောင်းသား၊ ကျောင်းသူများ နီးစပ်ရာစာသင်ခန်းအတွင်းသို့ ပြေးဝင်ခြင်း၊ ဆက်လက်၍ ကွင်းဘေးရှိ သစ်ပင်ကိုမိုးကြိုးပစ်ခြင်း၊ ယင်းသစ်ပင်အနီးရှိ ကျောင်းသား၊ ကျောင်းသူ ၂ဦး မိုးကြိုးစက်ကွင်းမိကာ လဲကျမေ့မျောဟန်ပြုခြင်း၊ ပြေးလွှားရင်း ကျောင်းသား၊ ကျောင်းသူအချို့ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ လာရောက်ကူညီကယ်ဆယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အဆင့်သရုပ်ပြခြင်းနှင့် မီးသတ်တပ်ဖွဲ့မှ လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)