သာယာဝတီ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မိုးကြိုးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသ

သာယာဝတီ ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန် ၁၇ ရက်နေ့ နံနက် ၈ နာရီက အ.လ.က(ကွက်သစ်)ကျောင်း ဒေါ်အရိန်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုကအဖွင့်အမှာစကားပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်နေမှုအခြေအနေများ၊ မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ချက်များ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန် ရှောင်ရန်များ၊ လေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများအား ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား‌၊ ကျောင်းသူများ‌ ကျောင်းမတက်မီ၊ ဘောလုံးကန်နေစဉ်လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့မှုကြောင့် ဆောင်ရန်၊ရှောင်ရန် လှုပ်ရှားမှုများကို သဏ္ဍာန်တူသရုပ်ပြဆောင်ရွက်ခဲ့ကြ​သည်။

အဆိုပါဟောပြောပွဲသို့ သာယာဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)