ငွေဆောင် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့နေ့လယ်ပိုင်းက Yacht Club ဟိုတယ်ရှိ ဟိုတယ်ဝန်ထမ်းများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံနှင့်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်း ပြောကြား၍ ဟိုတယ်ဝန်ထမ်းများနှင့်အတူ မီးသတ်ဆေးဘူး အသုံးပြုခြင်း၊ မီးလောင်မှုအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ပိုက်လိပ် ပိုက်ခေါင်းကိုင်တွယ်ခြင်းတို့အား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် Yacht Club ဟိုတယ် ခန်းမ၌ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံက ဟိုတယ်တာဝန်ခံများ၊မန်နေဂျာများနှင့် ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)