အောင်လံမြို့၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကျင်းပ

အောင်လံ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ မြို့မဈေးကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးမျိုးဝင်းက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးရာတွင် အမှိုက်ဆိုတာပြည်သူများ၏နေအိမ်၊ ခြံဝန်းဥပစာအတွင်းမှ သဘာဝအကြောင်းတစ်ရပ်ရပ်ကြောင့်ဖြစ်စေ၊ သစ်ပင်သစ်ကိုင်းအမှိုက်သရိုက်များ၊ တိရစ္ဆာန်အသေကောင်များနှင့် တိရစ္ဆာန်မှထွက်ရှိသော အညစ်အကြေးဝတ္ထုပစ္စည်းများ၊ လုပ်ငန်းတစ်စုံတစ်ရာကိုပြုလုပ်ဆောင်ရွက်မှုကြောင့်သော်လည်းကောင်း၊ သဘာဝပုံသဏ္ဍာန်အမျိုးမျိုးတို့ဖြင့် ထွက်ရှိလာသောပစ္စည်းများစသည်တို့ကို လူတို့၌အသုံးပြုရန်မလိုအပ်တော့သဖြင့် စွန့်ပစ်သည့်အရာမှန်သမျှကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ယခင်ကအမှိုက်ခွဲခြားစွန့်ပစ်နိုင်မှုမရှိသေးပဲ စုပေါင်း၍စွန့်ပစ်သည့်အမှိုက်များကို စည်ပင်သာယာရေးအဖွဲ့မှ သိမ်းဆည်းစွန့်ပစ်နေရာမှ ယခုအချိန်မှစ၍ အမှိုက်ပုံးများကိုအရောင်ခွဲခြားစွန့်ပစ်နိုင်ရေး အရောင်(၄)မျိုးသတ်မှတ်၍ စွန့်ပစ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အောင်လံမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေး ဈေးသူ/ဈေးသားများမှ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)