ဟင်္သာတ ဇွန် ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းကဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ မဲဇလီညွှန့်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး မဲဇလီညွန့်ကျေးရွာအနီးရှိ ဖြတ်တာ(၁-င)နှင့် ဟင်္သာတကမ်းနားတာအနီးတွင် ခွင့်ပြုရန်ပုံငွေ (၄၃၆.၀၀) ကျပ်သန်းဖြင့် မဲဇလီညွန့်ဖြတ်တာ အလျား(၃၀၅၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်နှင့်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ မဲဇလီညွန့်ကျေးရွာမှ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ရောက်ရှိပြီး ဖောင်ဆိပ်ကျေးရွာ၌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်း Geotextile ကမ်းထိန်းတမံ၏ကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အဖွဲ့သည် ဖောင်ဆိပ်ကျေးရွာမှ လက်သမားရပ်ကွက်ရှိ ဦးပါရဲတာကြီးသို့ ဆက်လက်ထွက်ခွာသွားခဲ့ရာ ဦးပါရဲတာကြီးတန်းရှိ တာမိုင်(၈/၄) ရေကင်းစခန်းအမှတ်(၁၀)သို့ ရောက်ရှိခဲ့ပြီး ရေကင်းစခန်းနှင့် ဧရာဝတီမြစ်ရေမြင့်တက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ၎င်းရေကင်းစခန်းအနီးရှိ ပြည်လုံးကပ်ကျော် ဦးပါရဲစေတီတော်အား ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)