မုံရွာ ဇွန် ၂၀
မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာအဖြစ် သင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှတ်ကန်စေရေးအတွက် အသက် ၁၈ နှစ်ပြည့် လူဦးရေစာရင်းများအား သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်ထိ ပြန်လည်စိစစ်၍ လျာထားမဲရုံများအလိုက် မဲစာရင်းများပြုစုနိုင်ရေး၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအလိုက် တာဝန်ရှိသူအားလုံးက အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် MEVM မဲပေးစက်အား သေချာစွာလိုက်နာမှတ်သားပြီး သိရှိတတ်ကျွမ်းကာ ရွေးကောက်ပွဲကြီး၌ မဲပေးစက်ကိုင်တွယ်ကြီးကြပ်မည့်သူများ၊ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် ရှင်းရှင်းလင်းလင်းနှင့် ထိရောက်စွာ ပို့ချသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲအဖွဲ့ဝင်(စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ) ဦးမြင့်သိန်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသွားမည့် အခြေအနေများအား လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ညွှန်ကြားရေး မှူး ဦးမြတ်ထွန်းဦးက MEVM စက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)