မုံရွာ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့်စိုက်ပျိုး မွေးမြူရေးကျောင်း-အလုံရှိ သတ်မှတ်ကျောင်းဆောင်များတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ် ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားမှုများ၊ စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း စာရေးကိရိယာများ အခက်အခဲမရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက် ပေးထားမှုများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်ခင်းစာ ထမင်း/ဟင်းများ ချက်ပြုတ်ထားရှိမှုများနှင့် အာဟာရဖြည့်အစား အစာများဖြစ်သည့် အချိုရည်ဘူးများ/ မုန့်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ သတ်မှတ်ကျောင်းဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ်ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စာမေးပွဲကြီးကြပ် ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စာမေးပွဲဖြေဆိုမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ဝေငှပေးရန် အချိုရည်နှင့်မုန့်များအား ကြည့်ရှုခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စာစစ်ဌာန ၂၅ ခုတွင် စာရင်းရှိ ၈၂၀၅ ဦး၊ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၀၄၀ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၈.၉၆ ဖြစ်ပြီး မုံရွာမြို့နယ်အနေဖြင့် အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းအလုံတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၂၄၄ ဦးနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၄၆၇ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)