စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စည်ပင်သာယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မုံရွာ ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ အရာထမ်း/ အမှုထမ်းများတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိမြို့များအား မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုး တက်စေရေးအတွက် လမ်းများအဆင့်မြှင့်တင်ပေးခြင်း၊ တိမ်ကောနေသည့် ရေကန်များ ပြန်လည်တူးဖော်ပေးခြင်း၊ ဈေးများပြုပြင်တည်ဆောက်ခြင်း၊ ရေနှုတ်မြောင်းများရေစီးရေ လာကောင်းမွန်ရေး ဆောင်ရွက်ပေးခြင်းနှင့် မြို့များသန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့သည် မြို့သန့်ရှင်းသပ်ရပ်ရေး၊ ပြည်သူများစိတ်လက် ကြည်နူးစွာအပန်းဖြေနိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရေးစသည့် ပြည်သူလူထုအကျိုးပြု လုပ်ငန်းများအား အဓိကတာဝန်ယူ ဆောင်ရွက်နေရသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့ များအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာအရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး လုပ်ငန်းများအပေါ် စေတနာထားကာ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဌာနဆိုင်ရာအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ပြည်သူလူထုအကျိုးအား သယ်ပိုးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်က တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းများအားလည်းကောင်း၊ မုံရွာမြို့ နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက မုံရွာမြို့နယ်အတွင်းရှိ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ ပြည်သူများသန့်ရှင်းသော သောက်သုံးရေရရှိ လုပ်ငန်းများဆောင်နေမှုနှင့် မြို့သန့်ရှင်းသပ်ရပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ မြို့များ စိမ်းလန်းစိုပြေစေရေးအတွက် အရိပ်ရသစ်ပင်များ၊ အလှပန်းပင်များ စိုက်ပျိုးထားရှိမှုနှင့် ဆက်လက်စိုက်ပျိုးပေးသွားမည့် အခြေအနေများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မြို့များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)