နတ်မောက်မြို့ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇွန် ၂၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့်ကျောင်းသား/သူများဖြင့်  ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က အားလပ်ချိန်ကိုတန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့်အတွေးအခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ(၂၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။

လှဝင်း