မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

မြဝတီ  ဇွန်  ၂၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းမ၌ မူလတန်းအဆင့် ကလေးသူငယ်များဖြင့် ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများကို  ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တမြင့်မားပြီး စိတ်ခံစားမှု၊ ကျန်းမာရေးဆိုင်ရာပြည်စုံမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးများ၊ နားလည်မှုစွမ်းရည်များတိုးတက်မြင့်မားစေရေးအတွက် ပုံပြင်ပြောပြကာ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်သည်။

ပုံပြင်ပြောခြင်းနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဒုတိယဦးစီးမှူး ဒေါ်ဇင်မာအေးက ဘွဲကရင် စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “အစွမ်းကိုယ်စီရှိကြသည်” ပုံပြင်ပြောပြကာ ကလေးငယ်များအား မှတ်မိသမျှ ပြန်လည်ပြောပြစေခြင်း၊ Grade 4 မှ ကျောင်းသူလေးတစ်ဦးက ပေါင်းညွမ်(နာဂ) စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် နာရီကလေးကဗျာကို ပြန်လည်ဖတ်ပြစေခဲ့ပြီး ကလေးငယ်များ၏ ကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရန်အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပျော်ရွှင်စရာကစားနည်းများဖြင့် ဆောင်ရွက်ပေးခဲ့ကာ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အာဟာရဒါန ကျွေးမွေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)