ကယားပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အားကစားကွင်းများ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇွန် ၂၀

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် မန်နေ့ နံနက်က ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် ပြည်နယ်သမဝါမယဦးစီးဌာနရုံးများသို့ သွားရောက်ကာ ရုံးများ၊ အားကစားကွင်းများနှင့် ဝန်ထမ်းနေအိမ်များ ပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နောင်ယား (က) ရပ်ကွက်ရှိ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ရောက်ရှိကာ ရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပြင်ဆင်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက ရုံးလုပ်ငန်းများ ဆောင်ရွက်မှု၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေတို့အား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြင်ဆင်မှုလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်ကာလပြီးစီးရေး၊ ဌာနမှဆောင်ရွက်နေသည့် ပင်မလုပ်ငန်းများအား နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ပြည်သူများသို့ ဝန်ဆောင်မှုအပြည့်အဝပေးရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ဒေါဥခူရပ်ကွက်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ရောက်ရှိ၍ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့သည့် ကယားပြည်နယ်အမျိုးသားရေကူးကန် ပြုပြင်နေမှုများကို ကြည့်ရှုရာ ရေကူးကန်ပြင်ဆင်နေမှု၊ ဆက်စပ်အဆောက်အဦများနှင့် စက်ခန်းများပြုပြင်နေမှုအား တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလပြီးစီးရေး၊ အများပြည်သူအပန်းဖြေလာရောက် ရေကူးအားကစားဆောင်ရွက်သည့်အခါ လိုအပ်ချက်မရှိ ပြည့်စုံမှုရှိစေရေးဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်ဘောလုံးအားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုပြီး အားကစားသမားနှင့် နည်းပြများကို အားပေးစကားပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ဖူဆယ်အားကစားရုံပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်အောင် စနစ်တကျဆောင်ရွက်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်သမဝါယမဦးစီးဌာနသို့ ရောက်ရှိကာ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်နှင့် မြို့နယ်ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)