ချောက် ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.လ.က(၃)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ် နုနုထင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားများ၏အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ၊အသက်အရွယ်အပိုင်းအခြားနှင့်ခံစားပိုင်ခွင့်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးရန်မသင့်သောအစားအစားများနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်၀ယ်ယူစားသောက်ရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/သူများအား ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက အ.လ.က(၃)ကျောင်းအတွင်း ရောင်းချသော မုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေးစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)