ကျုံပျော်တွင် အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့် အခွင့်အရေးဥပဒေများအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ကျုံပျော် ဇွန် ၂၀

အမျိုးသမီးများ မိမိ၏အခွင့်အရေးကို ပိုမိုသိရှိနားလည်လာပြီး ဥပဒေ၏အကာအကွယ်ကိုရရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့် အခွင့်အရေး ဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဒုတိယမြို့နယ် ဥပဒေအရာရှိ အယ်ဇော်ဒိန်းက အမျိုးသမီးများ၏အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်ကတာဝန်ယူပေးရသည့်ကိစ္စရပ်များ၊ ကာယိန္ဒြေပျက်စီးစေရန် ကျူးလွန်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ အမျိုးသမီးများ၏ ပြစ်မှုဆိုင်ရာ ကိစ္စများတွင် သိရှိသင့်သည့် ကိစ္စရပ်များ စသည့်အခွင့်အရေး ဥပဒေအကြောင်းအရာများအား ဆွေးနွေးဟောပြောသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဆွေဆွေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာမများနှင့်ကျောင်းသူများ အသီးသီးတက်ရောက်ခဲ့ကြပြီး၊ အခမ်းအနား တက်ရောက်လာသော ကျောင်းသူ‌များအား အမျိုးသမီးအခွင့်အရေးများအား ကာကွယ်‌စောင့်‌ရှောက်ခြင်း အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)