မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင် အ‌ခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဇွန် ၂၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ  အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ တိုင်းဒေသကြီး ပြည်သူအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  ဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖနှင့်လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသား/သူများတက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က ခရစ်ကတ်အားကစားနည်းသည် အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့်မှာပြိုင်ပွဲများ ကျင်းပယှဉ်ပြိုင်ကစားနေသည့် အားကစားဖြစ်ကာ ဒေသတွင်းနိုင်ငံများအနေဖြင့် အနိုင်ရရှိနိုင်ရေးကြိုးပမ်းလေ့ကျင့်နေသည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ခရစ်ကတ် အားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေးအတွက် ခရိုင်အလိုက် ခရစ်ကတ် အားကစားသမားများပေါ်ထွက်လာရေးကိုရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ယခင်က (၁၃)ကြိမ်ခန့် ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်သည့်အပြင် ၂၀၂၅ခုနှစ်အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များနှင့် ခရစ်ကက်အားကစားနည်းနှင့် ပိုမိုအကျွမ်းတဝင်ရှိနိုင်ရန်အတွက် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ နည်းပြဆရာ/ဆရာမများအားအခြေခံမှစ၍ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကစားနိုင်သည်အထိ လေ့ကျင့်သင်ကြားပြီးဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် စိတ်ဝင်တစားအားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်လာကြတာကိုလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း အောင်မြင်မှုရရှိရန်အတွက် “တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိမယ်” ဆိုသည့် အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြပါလို့ ပြောကြားခဲ့သည်။

ဆက်လက်၍  ပြိုင်ပွဲ၀င်အားကစားသမားများမှ သစ္စာအဓိဌာန်ရွတ်ဆိုပြီး အ.ထ.က(၁)မင်းဘူးနှင့်  အ.ထ.က(၄) မကွေးတို့ ယှဉ်ပြိုင်ကစားကြပုံများကို အားပေးကြည့်ရှူခဲ့ပြီး အဆိုပါ ၂၀၂၅ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အခြေခံပညာကျောင်း ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲကို ဇွန်လ(၁၉) ရက်နေ့မှ(၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး  တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ စုစုပေါင်း(၁၀)သင်းပါဝင်ကာ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ကြောင်း သတင်းရရှိသည်။

မောင်ခိုင်မင်း (ပြန်ဆက်)