အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်သရုပ်ပြပွဲ  ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်သရုပ်ပြပွဲအား ဇွန်လ ၁၇ ရက်နေ့ညနေပိုင်းက တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး တိုင်း/ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက်များကို ခွဲခြားစွန့်ပစ် လက်တွေ့သရုပ်ပြသခဲ့ကြသည်။

အဆိုပါ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်သရုပ်ပြပွဲအား ကျင်းပပြုလုပ်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းမှု လျော့ချပေးနိုင်ခြင်း၊ အမှိုက်ပမာဏကိုလျှော့ချနိုင်ခြင်းနှင့် ပြန်လည်တီထွင်အသုံးပြုနိုင်ဖို့အတွက် အခွင့်အလမ်းအများအပြားရရှိနိုင်ခြင်းတို့အပြင် လူသားတို့နေထိုင်ရာ ကမ္ဘာ့မြေထု၊ လေထု၊ ရေထုအတွင်းမှီတင်းနေထိုင်သည့် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)