မိုးညို ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးသရုပ်ပြလေ့ကျင့်ခန်းပြုလုပ်ခြင်းကို ဇွန်လ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖုန်းလွင်က အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဦးသော်ထက်အောင်က သရုပ်ပြလေ့ကျင့်ခန်းဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားကာ မိုးကြိုးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ သရုပ်ပြလေ့ကျင့်ခန်းအားပြုလုပ်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများစုပေါင်း၍ လျှပ်စီးလက်၍ မိုးခြိမ်းပါက သွားလာနေသူများသင့်တော်သောနေရာသို့ခိုဝင်ခြင်း၊ မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရမေ့မျောသူအား ရှေးဦးပြုစု၍ လူနာတင်ယာဉ်ဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ပို့ဆောင်ခြင်း၊ မိုးကြိုးထိမှန်၍မီးလောင်ခြင်းကို မီးငြိမ်းသတ်ခြင်း၊ ဒဏ်ရာရသူကို ဆေးကုသပေးခြင်းနှင့် အားပေးနှစ်သိမ့်ခြင်းစသည်တို့ကို လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း