ပေါက်ခေါင်း ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ပေါက်ခေါင်း)နှင့် မြို့ဈေးတို့၌ “အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာကို အသိပညာပေးပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းအောင်က ဌာနဆိုင်ရာရုံး၊ မြို့မဈေးနှင့် အ.ထ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသော အမှိုက်နှင့်ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်ကြရန် သရုပ်ပြဆွေးနွေးပြောကြားကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ အမှိုက်လေးမျိုး ခွဲခြားစွန့်ပစ်ပုံသရုပ်ပြသနေမှုအား ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ထိုသို့စနစ်ကျသော အမှိုက်ခွဲခြားစွန့်ပစ်ခြင်းသည် သဘာဝပတ်ဝန်းကျင်၌ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချပေးနိုင်ခြင်း၊ အမှိုက်ပမာဏကို လျှော့ချနိုင်ခြင်း၊ ပလတ်စတစ်အစားထိုးပစ္စည်းများ ပြောင်းလဲအသုံးပြုခြင်းနှင့် ပြန်လည်တီထွင်အသုံးပြုနိုင်ရန် အခွင့်အလမ်းအများအပြား ရရှိနိုင်ခြင်းတို့အပြင် လူသားတို့နေထိုင်ရာ ကမ္ဘာ့မြေထု၊ လေထု၊ ရေထုအတွင်း မှီတင်းနေထိုင်ကြသည့် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)