မော်လမြိုင်ကျွန်း ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် သတ်မှန်အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းကို ယနေ့နေ့လယ် (၁၂: ၃၀) အချိန်က မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန့်ချက်နှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှု ဖြစ်ပေါ်လာစေရန်နှင့် လူမှုပတ်ဝန်းကျင်၏ညစ်ညမ်းမှု အခြေအနေမှ လျော့ကျစေရန်ရည်ရွယ်ပြီး အသိပညာပေးသရုပ်ပြခြင်းကို ဆောင်ရွက်ခြင်းဖြစ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများ၊ တက်ရောက်ခဲ့ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်က အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိစေသောအမှိုက်၊ ပလတ်စတစ်အမှိုက်စသည့်တို့ကို ခွဲခြားစွန့်ပစ်နိုင်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အများပြည်သူများ မိမိနေအိမ်မှစတင်၍ မိမိပတ်ဝန်းကျင်၊ ကျောင်းများတွင် အမှိုက်ကို စနစ်တကျ ခွဲခြားစွန့်ပစ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စွန့်ပစ်အမှိုက်များ (၄) မျိုးခွဲခြား၍ အမှိုက်ပုံးများ (၄) ပုံးထားရှိပြီး အမှိုက်စွန့်ပစ်သည့်စနစ်အား စံပြဆောင်ရွက်နိုင်ရေး အတွက် ပလတ်စတစ်အမှိုက်အတွက် အပြာရောင်ပုံး၊ အမှိုက်စိုအတွက် အစိမ်းရောင်ပုံး၊ အမှိုက်ခြောက်အတွက် အဝါရောင်ပုံးနှင့် ဘေးအန္တရာယ်ရှိအမှိုက်အတွက် အနီရောင်ပုံးများဖြင့် စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင်