ကန်ကြီးထောင့် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ရွှေထွန်းကုမ္ပဏီ၏ လယ်ယာသုံးစက်ကိရိယာ အရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရွှေထွန်းကုမ္ပဏီမှ MD ဦးမင်းမင်းလတ်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်သည်တော်များက ကုမ္ပဏီအတွင်း ရောင်းချရန် ခင်းကျင်းပြသထားသော လယ်ယာသုံးစက်ကိရိယာပစ္စည်းများအား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရွှေထွန်းကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များက တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး