မြိတ်မြို့နယ် ပင်းအိုကျေးရွာတွင် အမျိုးသမီးများ ဝင်ငွေတိုးရရှိရေးအတွက် အခြေခံစက်ချုပ်နည်း သင်တန်းဖွင့်လှစ်

မြိတ် ဇွန် ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပင်းအိုကျေးရွာ၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း (အမျိုးသမီးများဝင်ငွေတိုးရရှိရေး)ဖြင့် အခြေခံစက်ချုပ်နည်းသင်တန်းကို ဇွန်လ (၁၉) ရက် နံနက်ပိုင်းက မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပင်းအိုအရှေ့ကျောင်းတွင် ဖွင့်လှစ်သည်။

သင်တန်းကို ကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်ပေါ်ထွန်းလာပြီး မိသားစုဝင်ငွေပိုမိုရရှိလာစေရန်၊ နည်းပညာများကိုအသုံးပြု၍ အဝတ်အထည်များကို ဒီဇိုင်းလှပခေတ်မီပြီး ဈေးကွက်ဝင်အထည်များ ထုတ်လုပ်ရောင်းချနိုင်ရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းတွင် စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံနှင့် အခြေခံချုပ်ရိုးများချုပ်နည်း၊ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်း၊ ဘောင်းဘီချုပ်နည်း၊ ကလေးဂါဝန် (ရင်ဆက်) ချုပ်နည်း၊ သင်္ဘောသားအင်္ကျီချုပ်နည်း၊ ရင်စေ့ချုပ်နည်း၊ နောက်ကွဲဇစ်အင်္ကျီဇစ်တပ်နည်းနှင့် ချုပ်နည်း၊ ရင်ဖုံးချုပ်နည်း၊ စကပ်ရိုးရိုးချုပ်နည်း၊ ဘလောက်ခါးတင်ချုပ်နည်း၊ သုံးလွှာစကပ်ချုပ်နည်း၊ ပတ်ထဘီချုပ်နည်း စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက စီမံကိန်းလုပ်ငန်းအကြောင်း အရာများနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်က သင်တန်းသင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ပြီး တက်ရောက်လာကြသူများက သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းကို ဇွန်လ (၁၉) ရက်မှ ဇူလိုင်လ (၁၈) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ကြသည်။ ထို့အတူ မွမ်းမံသင်တန်းကို ဇူလိုင်လစတုတ္ထအပတ်တွင် ဆက်လက်ဖွင့်သွားမည်ဖြစ်ကာ သင်တန်းထူးချွန်သည့် သင်တန်းသူ (၅) ဦးကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တစ်ဦးလျှင် (၁၆) သိန်းနှင့် ညီမျှသော လုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းလုပ်ကိုင်သူများနှင့် စာချုပ်ချုပ်ဆို၍ သုံးစွဲခွင့်ပြု၍ လုပ်ငန်းထူထောင်ပေးမည်ဖြစ်ပြီး ဌာနမှလုပ်ငန်းထူထောင်နိုင်ရန် ခြေနင်းအပ်ချုပ်စက်၊ ဓားစက်၊ ပန်းထိုးစက်များနှင့် ဆက်စပ်ပစ္စည်းများကို လုပ်ငန်းသုံးပစ္စည်းများအဖြစ် ချီးမြှင့်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)