ငပုတော ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားနည်းနှင့် အမှိုက်ပုံးအရောင်ခွဲသတ်မှတ်ခြင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီက ငပုတောမြို့အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စည်ပင်သာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်းက ကျောင်းသား/ သူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်နိုင်စေရန်အတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိစေသော အမှိုက်အမျိုးအစား စနစ်တကျခွဲခြား၍ စွန့်ပစ်ရန်လိုအပ်ကြောင်းနှင့် အမှိုက်ပုံး အရောင်သတ်မှတ်ခြင်းတို့ကို ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
ထို့နောက် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကျောင်းသား/ သူများအား စွန့်ပစ်အမှိုက်(၄)မျိုးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါအသိပညာပေး ဟောပြောပွဲသို့ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဦး၊ မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်းနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)