ဂန့်ဂေါမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စည်ပင်သာယာကျောင်း၌ သောက်ရေသန့်စက် အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဂန့်ဂေါ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)တွင် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ သန့်ရှင်းသောသောက်ရေ သန့်သောက်သုံးနိုင်ရန်အတွက် ရေသန့်စက်လှူဒါန်းခဲ့သည့် အလှူရှင် ဦးလွင်ဦး+ဒေါ်ရီရီတင့် (ရတနာမိုး-ကုန်မာဆိုင်)မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားတွင် ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စည်ပင်သာယာကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိစေဖို့ ရေသန့်စက်နှင့် အဆောက်အဦကို လှူဒါန်းပေးပါသော ဦးလွင်ဦး+ဒေါ်ရီရီတင့် (ရတနာမိုး-ကုန်မာဆိုင်)မိသားစုအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်လည်း အ.လ.က(ခွဲ)စည်ပင်သာယာကျောင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ကျောင်း၏လိုအပ်ချက်များကို ယခုကဲ့သို့ပင် အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ခေတ္တမြို့နယ်ပညာရေးမှူး ဆရာကြီးဦးရာထွန်းက ကျေးဇူးတင်စကားပြောကြားကာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စည်ပင်သာယာ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းယုက ရေသန့်စက်အလှူရှင် ဦးလွင်ဦး+ ဒေါ်ရီရီတင့် (ရတနာမိုး-ကုန်မာဆိုင်) မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဂန့်ဂေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ အလှူရှင်မိသားစုများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ခေတ္တမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကာ သောက်ရေသန့်စက်ကို ကြည့်ရှု၍ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စည်ပင်သာယာကျောင်းတွင် ရေသန့်စက်အလှူရှင် ဦးလွင်ဦး +ဒေါ်ရီရီတင့်(ရတနာမိုး-ကုန်မာဆိုင်)မိသားစုက ရေသန့်စက်နှင့်အဆောက်အဦ၊ ကျောင်းဝိုင်းတံခါး၊ အဝင်အုတ်တိုင်၊ ကြွေပြားကပ်ခြင်းနှင့် စတီးစာလုံးများ လှူဒါန်းမှုမှာ စုစုပေါင်းတန်ဖိုး ၁၈၀၀၀၀၀၀/- (ကျပ်သိန်း တစ်ရာ့ရှစ်ဆယ်တိတိ)ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း