မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေနံချောင်းတက္ကသိုလ်၌ အမှိုက်အမျိုးအစားအလိုက် စနစ်တကျခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

ရေနံချောင်း ဇွန် ၁၉

မကွေးတိုင်းဒေသကြီးရေနံချောင်းတက္ကသိုလ်၌ သဘာဝပတ်ဝန်းကျင်ထန်းသိမ်းကာကွယ်ရေး အမှိုက်အမျိုးအစားအလိုက် စနစ်တကျခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောသရုပ်ပွဲအခမ်းအနားကို ယမန်နေ့က ရေနံချောင်းတက္ကသိုလ်ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများက အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းဖြင့် ပြန်လည်အသုံးပြုနိုင်မှု၊ ပတ်ဝန်းကျင်အတွက် ဘေးကင်းစေမှု၊ ကျန်းမာရေးကောင်းမွန်မှု၊ စွမ်းအင်နှင့်သယံဇာတချွေတာမှု စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောသည်။ ထို့နောက် အမှိုက်ခြောက်မျာကို အဝါရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အမှိုက်စိုများကို အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ဘေးအန္တရာယ်ရှိအမှိုက်များကို အနီရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များကို အပြာရောင်အမှိုက်ပုံးတွင်လည်းကောင်း စနစ်တကျခွဲခြားစွန့်ပစ်ခြင်းကို သရုပ်ပြသပြီး ကျောင်းသား၊ ကျောင်းသူများက လက်တွေ့လိုက်ပါဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ယင်းနောက် အခမ်းအနားကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီချုပ်က အမှိုက်အမျိုးအစားလိုက် စနစ်တကျခွဲခြားစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အမှာစကား‌ပြောကြားသည်။ ထို့နောက် ရေနံချောင်းတက္ကသိုလ်ကျောင်း၏ Documentary ကို ပြသပြီး ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက သဲကန္တာရတိုက်ဖျက်ရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ ရေနံချောင်းတက္ကသိုလ် အင်္ဂလိပ်စာဌာန တွဲဖက်ပါမောက္ခ(ဌာနမှူး)ဒေါ်အေးသန္တာဝင်းက ကျောင်းသား၊ ကျောင်းသူများ၏ ပလတ်စတစ်အမှိုက်အန္တရာယ်ဆိုင်ရာ အသိပညာနှင့် အပြုအမူများအား လေ့လာခြင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး ပထဝီဝင်ဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာချိုချိုလွင်က အသုံးချဘာသာရပ်ဖြစ်သော ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုဘာသာရပ်နှင့် ဘူမိဗေဒဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာဉာဏ်ဝင်းက ရေနံဘူမိဗေဒဘာသာရပ်အသစ်တို့ကို မိတ်ဆက်ရှင်းလင်းသည်။

အလားတူ အ.ထ.က(၁)ကျောင်းတွင်လည်း အမှိုက်အမျိုးအစားအလိုက် စနစ်တကျခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောသရုပ်ပွဲအခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးပြီး ဝန်ကြီးချုပ်က သုတ၊ ရသစာအုပ်များနှင့် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)