ငါးသိုင်းချောင်း ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် ငါးဝန်မြစ်အတွင်း သွားလာပြေးဆွဲနေသော ရေယဉ်များမှ ခရီးသွားပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ငါးသိုင်းချောင်း နယ်မြေစခန်းတာဝန်ခံနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ Lijack ဝတ်ဆင်မှု သင်ကြားပြသပေးခြင်းနှင့် ရေယာဉ်များအတွက် အသက်ကယ်ဘောကွင်း၊ Lijack များအသင့်ထားရှိရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့မရပ်ကွက် ကမ်းနားဆိပ်တွင် ယနေ့နံနက် (၈း၀၀)နာရီ အချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှမီးသတ်ဦးစီးမှူး ဦးစိုးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ငါးသိုင်းချောင်းမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများ အတူပူးပေါင်းကာ ဆောင်ရွက် ခဲ့ကြသည်။
အခမ်းအနားတွင် မြို့မီးသတ်လက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်မှ ရေလမ်းခရီးသွားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသက်ကယ်ဝတ်စုံများကို ဝတ်ဆင်ပုံနှင့် မိမိတို့နေအိမ်များတွင် အလွယ်တကူရရှိနိုင်သည့် ရေသန့်ဘူးများ၊ ရေပုံးများနှင့် အသက်ကယ်ဝတ်စုံ ပြုလုပ်ပုံအဆင့်ဆင့်တို့ကို ပြုလုပ်ပြသခဲ့သည်။
ထို့ပြင် ရေဘေးအန္တရယ်ဖြစ်ပေါ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက်လည်း ရှင်းလင်းပြောကြားကာ တခြားသူများကိုလည်း ကူညီပေးနိုင်စေရန်အတွက် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ပြီး၊ ရေဒီယိုနှင့်မြန်မာ့အသံတို့တွင် အရေးပေါ်ထုတ်ပြန်ကြေညာချက်များကိုလည်း အထူးဂရုပြုနားထောင်ရန်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်ရှိနေသေးသော ရေဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်မည့် ရပ်ရွာနေရာများကိုလည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်တို့ကို လိုက်လံသတိပေးပြောကြားကာ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)