ပခုက္ကူမြို့၊ ဆယ်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော် ၁၂ ရက်ကြာ ကျင်းပပြီးစီး

ပခုက္ကူ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လ ဗုဒ္ဓပူဇနိယဈေးရောင်းပွဲတော် ကျင်းပရာနေရာ၌ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအဖြစ် ဆယ်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်ကို ဇွန်လ ၇ ရက်မှစတင်ပြီး ၁၂ ရက်ကြာကျင်းပရာ ယမန်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဈေးသည်များ၊ ရပ်နီးရပ်ဝေးမှဈေးသည်များ၊ ဒေသခံဈေးသည်များစုပေါင်း၍ ခေတ်ပေါ်အဝတ်အထည် ဒီဇိုင်းအရောင်းဆိုင်များ၊ အညာဒေသထွက်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ စားဖိုဆောင်သုံးပစ္စည်းအရောင်းဆိုင်များ၊ အိမ်အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များ၊ တောင်သူလယ်သမားသုံးပစ္စည်းအရောင်းဆိုင်များ၊ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များ၊ မုန့်ဆိုင်တန်းများစသည့် ဈေးဆိုင်ခန်း ပေါင်း ၂၀၀ ကျော်အပြင် ဈေးဝယ်လာပြည်သူများအတွက် စိတ်လက်ပေါ့ပါးစွာ အနားယူအပန်းဖြေနိုင်ရန် ပင်လယ်ဓားမြအပျော် စီးလှေ၊ ချားရဟတ်(ချားဝိုင်း)နှင့် ကလေးငယ်များ ဆော့ကစားရန်အတွက် ကလေးစီးရထား၊ ပျော့ပျော့အိ၊ ကလေးစီးဒုန်းများ ထည့်သွင်းစီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ အဆိုပါစုပေါင်းဈေးရောင်းပွဲတော်ကို ဇွန်လ ၇ ရက်မှ ၁၈ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှည ၉ နာရီအထိ ၁၂ ရက်ကျင်းပခဲ့ရာ ပွဲတော်နောက်ဆုံးနေ့ဖြစ်သည့် ယမန်နေ့ညနေပိုင်းတွင် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ ဝယ်ယူအားပေးသူကြများ၊ စိတ်အပန်းဖြေ ကစားကွင်းနေရာများ၌ အားပါးတရ လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)