ကျုံပျော်မြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မြေမြှုပ်ထည့်သွင်းခြင်း အခမ်းအနားကျင်းပ

ကျုံပျော် ဇွန် ၁၉

မြေဆီလွှာပျက်စီးမှုမှထိမ်းသိမ်းရန်၊ မြေသြဇာကောင်းမွန်ရန်နှင့်တောင်သူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် မြေမြှုပ်ထည့်သွင်းခြင်း အခမ်းအနားကို အိုင်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၀၅၉B၊ တောင်သူ ဦးဝင်းဇော်၏  လယ်‌မြေ (၄)ဧက၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် စိုက်တိုးမြင့်အဖွဲ့များ၊ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တောင်သူများ စုစုပေါင်းအင်အား (၆၀) ဦးခန့်တက်ရောက်ခဲ့ပြီး၊ ရှေးဦးစွာ စံကွက်ကို စုပေါင်းရိတ်သိမ်းကာ မြေဩဇာပါဝင်မှုနှုန်း စစ်ဆေးကြသည်။

ထို့နောက် တာဝန်ရှိသူတို့က သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ပြုလုပ်သုံးစွဲနည်းနှင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ကွင်းအတွင်းစိုက်ပျိုးထားသည့် ပိုက်ဆံလျှော်ပင်များကို လယ်ထွန်စက်အသုံးပြုကာ ရိတ်သိမ်းခြင်းနှင့် မြေမြှုပ်ထည့်သွင်းတို့အား လက်တွေ့သရုပ်ပြသခဲ့သည်။ ထို့နောက် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် အောင်နိုင်တိုးစပါး မျိုးစေ့ချ စိုက်ပျိုးခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)