ကျိုက်လတ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ဆောင်ရွက်

ကျိုက်လတ် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် နှစ်စဉ်စိုက်ပျိုးလျက်ရှိသော စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် မြေဆီလွှာများရှိ အာဟာရဓာတ်များကိုဖြည့်ပေးရန် သဘာဝမြေဩဇာဖြစ်သော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကို လယ်မြေအတွင်းထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျုံကလွတ်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၊ ကွင်းအမှတ်(၁၂၁C)၊ ဦးပိုင်အမှတ်(၁/၄)၊ ဧရိယာ(၆.၀၀)ဧကရှိ တောင်သူ ဦးသိန်းဝင်း၏လယ်မြေဧရိယာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လယ်ယာမြေများတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့်သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြုအဏုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိူးကျေးဇူးများ ရရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါသစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်းသရုပ်ပြပွဲသို့ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်၊ မြို့နယ်စိုက်/တိုး/မြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်