အိမ်မဲမြို့နယ် အ.လ.က ထိန်ငူကျောင်းတွင် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ

အိမ်မဲ ဇွန် ၁၉

လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ထိန်ငူကျေးရွာ အ.လ.က ထိန်ငူကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း နိုင်ငံရဲ့အနာဂတ်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန် ဖလှယ်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်စေရန်အတွက်” လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီး အရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့်အတူ Grade-8 မှ မောင်အောင်မျိုးဝေက “မူးယစ်ဆေးဝါးသုံးစွဲမိတဲ့ အ​ကြောင်း အရင်းများ” ခေါင်းစဥ်၊Grade-8 မှ မောင်မိုးဝေယံက “မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ”၊ Grade-8 မှ မသဲစုသဥ္ဇာက  “မူးယစ်ဆေးဝါးဆိုတာ” ခေါင်းစဥ်၊ Grade-8 မှ မနှင်းဖြူလွင်က “မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးပြီး အခမ်းအနားတက်ရောက်လာသူများအား မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ သုတရသရရှိစေမည့်စာအုပ်စာစောင်များ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။

ချစ်သက်လယ်