ကျွန်းစု ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ သုံးစွဲခြင်းမှ ဖြစ်ပေါ်နိုင်သောဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးကင်းရှင်းရေးအရေးပါမှုတို့ကို အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ တစ်နိုင်ငံလုံးအနေနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး နံရံကပ်စာစောင်များနှင့်သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)